ရန်ကုန် ယူနိုက်တက် အသင်း၏ နည်းပြချုပ် ဖြစ်သူ ပီတာ ဘတ္တလာက ဘောလုံး အသင်း တစ်သင်းတွင် ရေရှည် စီမံကိန်း သည် အရေးကြီးကြောင်း သုံးသပ် ပြောကြား သွားခဲ့သည်။
“ကျွန်တော်တို့ အသင်းဟာ လာမယ့် ဘောလုံး ရာသီမှာ ဗိုလ်စွဲဖို့ အတွက် အခွင့်အလမ်း အရမ်းကောင်း နေပါတယ်။ ကစား သမား အင်အားကလည်း တောင့်တင်း နေပြီ ဖြစ်လို့ အကောင်းဆုံး ကြိုးစား သွားပါမယ်။ ဒါပေမယ့် ကျွန်တော် တို့ဟာ ပြိုင်ပွဲ တစ်ပွဲတည်း အပေါ် အာရုံစိုက်ပြီး ရေတို အောင်မြင်မှုကို ရယူမှာ မဟုတ်ပါဘူး။ အသင်းကို ရေရှည် စီမံကိန်းနဲ့ အချိန် ကြာကြာ အောင်မြင်နိုင်ဖို့ စနစ်တကျ တည်ဆောက် သွားမှာပါ။ အသင်း လတ်တလော ဗိုလ်စွဲဖို့ ထက် ခိုင်မာတဲ့ ရေရှည် စီမံကိန်း ရှိဖို့ ပိုပြီး အရေးကြီး ပါတယ်”ဟု ဘတ္တလာက Soccer Myanmar သို့ သုံးသပ် ပြောကြားသွား ခဲ့သည်။
source from http://soccermyanmar.com
ဘတ္တလာသည် ရန်ကုန် ယူနိုက်တက် အသင်း လာမည့် ရာသီ၌ ဗိုလ်စွဲနိုင်ချေ ရှိမရှိ ဆိုသည့် မေးခွန်းအား ထိုသို့ ဖြေကြား သွားခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်နေ့က မြန်မာ့ လက်ရွေးစင် အသင်းနှင့် ဒယ်လ်တာ ယူနိုက်တက် အသင်းတို့၏ ခြေစမ်းပွဲအား လာရောက် ကြည့်ရှုခဲ့သည်။ ထိုသို့ ကြည့်ရှုခြင်းသည် မြန်မာ့ လက်ရွေးစင် ကစားသမား များကို ခေါ်ယူလို၍ လာရောက် အကဲခတ်ခြင်း မဟုတ်ဘဲ လေ့လာရုံ သက်သက် ကြည့်ရှုခြင်း ဖြစ်သည်ဟု ဘတ္တလာက ကာကွယ် ပြောကြားခဲ့သည်။ သို့သော် မြန်မာ ကစားသမား များထဲ၌ ခြေစွမ်း ထက်မြက်သူများ အများ အပြား ရှိသည်ဟု သုံးသပ် ပြောကြား သွားခဲ့သည် ကိုလည်း တွေ့ရသည်။
ထို့ပြင် လာမည့် ရာသီ၌ မိုဟာမက် ကိုနီ မရှိတော့သည့် ရန်ကုန် တိုက်စစ်နှင့် ပတ်သတ်၍ “ကိုနီ မရှိတော့ဘူး ဆိုပေမယ့် ကျွန်တော်တို့ ကစားသမား ကောင်းတွေ အများကြီး ထပ်ဖြည့် ထားပါတယ်။ အဲရစ်ဆက်ကီ အပါအ၀င် ခြေစွမ်း ထက်မြက် တဲ့ နိုင်ငံခြားသား ကစားသမား ၅ ဦးကို ခေါ်ယူ ထားတာပါ။ သူတို့ကို ကိုနီနဲ့ ခြေစွမ်းချင်း တိုက်ရိုက် ယှဉ်လို့ မရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့ရဲ့ ကစားပုံ မတူလို့ပါ။ ဒါပေမယ့် အဲဒီ ကစားသမား တွေဟာ ကိုနီ မရှိတော့တဲ့ နောက်ပိုင်း ဟာသွားတဲ့ တိုက်စစ်ကို အပြည့်အ၀ ဖြည့်ဆည်း ပေးနိုင် ပါလိမ့်မယ်။ ကိုနီ သွင်းခဲ့တဲ့ ဂိုးတွေထက် ပိုများအောင် သွင်းနိုင် ကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည့်တယ်”ဟု ဘတ္တလာက ဆက်လက် ပြောကြား သွားခဲ့သည်။
No comments:
Post a Comment