Wednesday, February 17, 2010

မြန်မာအသင်း ဆီမီးဖိုင်နယ် တက်ရေး အတွက် အရေးပါသည့် ဘင်္ဂလားဒေ့ရှ် အသင်း၏ အနေအထားနှင့် ဖြစ်နိုင်ဖွယ် ရလဒ်ကို သုံးသပ် ခန့်မှန်းခြင်း

AFC Challenge Cup ပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်နေတဲ့ မြန်မာ့ လက်ရွေးစင် အသင်းဟာ ပွဲဦးထွက်မှာ အိမ်ရှင် သီရိလင်္ကာ အသင်းကို (၄)ဂိုးပြတ် အနိုင်ရခဲ့လို့ နောက်တစ်ဆင့် တက်ဖို့ အတွက် အခွင့်အလမ်း ကောင်းသွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီနေ့ မှာပဲ ကစားသွား ခဲ့တဲ့ အခြား အုပ်စုတွင်း ပွဲစဉ်မှာ ဘင်္ဂလားဒေ့ရှ်က တာဂျစ်ကစ္စတန်ကို (၂-၁)ဂိုးနဲ့ အနိုင်ရသွား ခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာတို့ အတွက် အုပ်စုတွင်း အဓိက ပြိုင်ဘက် ဖြစ်လာပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ဟာ လာမယ့် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ရင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် ဒီပွဲကို မြန်မာတို့ အတွက် အုပ်စုတက်ရေး အရေးပါတဲ့ ပွဲစဉ် အဖြစ် ကစားရမှာ ဖြစ်ပါတယ်။

Team Profile
အသင်း - ဘင်္ဂလားဒေ့ရှ်
ကမ္ဘာ့အဆင့် - ၁၅၀
နည်းပြချုပ် - ဆိုင်ဖူးဘာရီတီတူး
အမြင့်ဆုံး အောင်မြင်မှု - ကွာတားဖိုင်နယ် (၂၀၀၆)
ထူးခြားချက် - ပြိုင်ပွဲစရန် ၃ ရက်အလိုတွင် နည်းပြ ပြောင်းလဲထား
ကစားရမည့်နေ့ - ၁၈-၂-၂၀၁၀
ကစားမည့်ကွင်း - ဆူဂါတာဒါဆာ

သမိုင်းကြောင်း
၁၉၇၁ ခုနှစ်မှာမှ လွတ်လပ်ရေး ရခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ နောက်တစ်နှစ် အကြာမှာပဲ ဘောလုံး အဖွဲချုပ်ကို ဖွဲ့စည်း နိုင်ခဲ့ပြီး ၁၉၇၄ မှာ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အဖွဲ့ဝင် နိုင်ငံ ဖြစ်လာပါတယ်။ ဘင်္ဂလားဒေ့ရှ် အသင်းဟာ ကမ္ဘာ့ အဆင့် ပြိုင်ပွဲတွေ မှာတော့ အောင်မြင်မှု မရခဲ့သေး ပါဘူး။ သူတို့ နိုင်ငံရဲ့ ခရစ်ကတ် အသင်းဟာ အောင်မြင်တဲ့ အသင်း တစ်သင်း ဖြစ်ပေမယ့် ဘောလုံး အားကစားဟာ နိုင်ငံတွင်းမှာ လူကြိုက် အများဆုံး အားကစားနည်း အဖြစ် ရပ်တည် နေပါတယ်။ ၁၉၈၀ ခုနှစ် တစ်ဝိုက်ဟာ ဘင်္ဂလားဒေ့ရှ် လက်ရွေးစင် အသင်းရဲ့ အအောင်မြင်ဆုံး အချိန်တွေ ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘင်္ဂလားဒေ့ရှ် အသင်းဟာ တောင်အာရှ ဒေသမှာ အိန္ဒိယ အသင်းပြီးရင် အာရှဖလားကို ၀င်ခွင့် ရတဲ့ ဒုတိယမြောက် အသင်း ဖြစ်ခဲ့လို့ ပါပဲ။ သူတို့ အသင်းဟာ အဲဒီအချိန်က ကူဝိတ်မှာ ကျင်းပခဲ့တဲ့ အာရှဖလား ပြိုင်ပွဲ ပါဝင် ယှဉ်ပြိုင် ခဲ့ရပါတယ်။ သူတို့ရဲ့ တောင်အာရှ ဇုန်မှာ ဘင်္ဂလားဒေ့ရှ်ဟာ အိန္ဒိယ ပြီးရင် အအောင်မြင်ဆုံး အသင်းလို့ ပြောရင်လည်း ရပါတယ်။ တောင်အာရှ ဖလား (SAFF Cup)မှာ ဗိုလ်လုပွဲ ၃ ကြိမ် တိုင်တိုင် ရောက်ခဲ့ဖူးပြီး ၂၀၀၃ ခုနှစ်က အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခွင့် ရခဲ့တဲ့ ပြိုင်ပွဲမှာတော့ ဗိုလ်စွဲခဲ့ ပါတယ်။ ကျန်တဲ့ ဗိုလ်လုပွဲ နှစ်ကြိမ် စလုံးမှာ အိန္ဒိယ ကိုပဲ ဆက်တိုက် ရှုံးနိမ့်ပြီး ဒုတိယ ရခဲ့တာပါ။ ဒါ့အပြင် ၁၉၉၉ နဲ့ ၂၀၁၀ တောင်အာရှ အားကစား ပွဲတော် တွေမှာလည်း ဘင်္ဂလားဒေ့ရှ် အသင်း ရွှေတံဆိပ်တွေ အသီးသီး ရရှိထားတယ်။ သူတို့ဟာ ၂၀၀၆ AFC Challenge Cup ပြိုင်ပွဲမှာ တုန်းက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့ရပြီး ကွာတားဖိုင်နယ် ရောက်ရှိခဲ့ပေမယ့် ၂၀၀၈ ခုနှစ် မှာတော့ ခြေစစ်ပွဲ အောင်မြင် ခဲ့ခြင်း မရှိပါဘူး။


လက်ရှိ အနေအထား
ဘင်္ဂလာဒေ့ရှ်ဟာ အခုပြိုင်ပွဲကို ပွဲအတွေ့ အကြုံရော လေ့ကျင့်မှု ပိုင်းပါ အကောင်းဆုံး ပုံစံနဲ့ ရောက်လာတာပါ။ ပြီးခဲ့တဲ့ ၂၀၀၉ ဒီဇင်ဘာ တုန်းက SAFF Cup ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ ခဲ့ပြီး ဆီမီးဖိုင်နယ် ရောက်မှ ချန်ပီယံ ဖြစ်သွားတဲ့ အိန္ဒိယကို ဂိုးနည်းနည်းနဲ့ ကပ်ရှုံးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ပွဲမှာတုန်းက သူတို့ အသင်းဟာ အုပ်စုတွင်းမှာ အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး အိန္ဒိယနဲ့ ပွဲမှာ အဆုံးသတ် ညံ့ခဲ့လို့သာ ရှုံးခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၁၀ ဇန်န၀ါရီ လမှာတော့ အိန္ဒိယလိဂ် (အိုင်လိဂ်)က ကာချေးလ် အသင်းရဲ့ နည်းပြ ဇိုရန် ဂျော်ဂျီဗစ် လက်ရွေးစင် အသင်းကို စတင် ကိုင်တွယ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမယ့် တောင်အာရှ အားကစား ပွဲတော် အတွက် ပြင်ဆင် ခဲ့ပါတယ်။ ဆားဘီယား နည်းပြကြီး ဇိုရန်ဟာ အဲဒီ အားကစား ပွဲတော်မှာ ဘင်္ဂလားဒေ့ရှ် ယူ-၂၃ အသင်းကို ချန်ပီယံ ရွှေတံဆိပ် ရအောင် စွမ်းဆောင် ပေးခဲ့ရုံ သာမက ရှုံးပွဲနဲ့ ပေးဂိုး လုံးဝမရှိအောင် အံ့ဖွယ် ကစားနိုင်စေ ခဲ့ပါတယ်။ အဲဒီ အသင်းက ကစားသမား အများစုကို အခြေခံပြီး AFC Challenge Cup ၀င်မယ့် အသင်းကို တည်ဆောက် ခဲ့ပါတယ်။ ဒါပေမယ့် လက်ရွေးစင် ကစားသမားတွေ စခန်းသွင်း လေ့ကျင့်တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ဇိုရန်နဲ့ ဘင်္ဂလားဒေ့ရှ် ဘောလုံး အဖွဲ့ချုပ် တို့ဟာ အငြင်းပွား ခဲ့ကြပါတယ်။ နောက်ဆုံးမှာ သဘောတူညီမှု မရခဲ့လို့ ဇိုရန်ဟာ လက်ရွေးစင် အသင်းကို ဆက်လက် ကိုင်တွယ်ခြင်း မပြုတော့ဘဲ နှုတ်ထွက် သွားခဲ့ပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ် အသင်းဟာ AFC “A” လိုင်စင်ရ ပြည်တွင်း နည်းပြ နှစ်ဦးထဲက ဘာရီ တီတူးကို ရွေးချယ်ပြီး လက်ရွေးစင် အသင်းကို ကိုင်တွယ်စေဖို့ တာဝန်ပေး ထားပါတယ်။

အဓိက ကစားသမား
ကွင်းလယ် ကစားသမား အဒူလ် ဘက်တန်ကိုမိုဟာ ပြိုင်ဘက် အသင်းအတွက် အန္တရယ်ရှိတဲ့ ကစားသမား ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် လက်ရွေးစင် အသင်းမှာ တိုက်စစ်မှူး အီနာမယ်ဟက်က နာမည်ကြီး တိုက်စစ်မှူး တစ်ဦး ဖြစ်ပေမယ့် မထက်မှတ်ဘဲ ကွင်းလယ် ကနေ ဂိုးတက်တက် သွင်းတတ်တဲ့ ကိုမိုကို မေ့ထားလို့ မရပါဘူး။ ဂိုးဖန်တီး နိုင်မှုလည်း အားကောင်းတဲ့ ကိုမိုဟာ ပြီးခဲ့တဲ့ တောင်အာရှ အားကစား ပွဲတော် ဘောလုံး ဗိုလ်လုပွဲမှာ အာဖဂန် နစ္စတန် အသင်းကို အနိုင်ဂိုး သွင်းပြီး ရွှေတံဆိပ် ရယူပေး နိုင်ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။

ဖြစ်နိုင်ဖွယ် ရလဒ်
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် တို့ဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် တုန်းက AFC Challenge Cup ပြိုင်ပွဲ ခြေစစ်ပွဲမှာ တွေ့ဆုံ ခဲ့ပါတယ်။ အဲဒီတုန်းက မြန်မာ အသင်းဟာ ဘင်္ဂလားဒေ့ရှ် အသင်းကို သူ့မြေ။ သူ့ပရိသတ် ရှေ့မှာ ကွင်းလယ်လူ ပိုင်စိုးရဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့ ပါတယ်။ ဒီပြိုင်ပွဲမှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ဟာ ပြည်တွင်း နည်းပြသစ်တွေ ကိုယ်စီနဲ့ ၀င်ရောက် ယှဉ်ပြိုင် ကြတဲ့ ဘ၀တူ အသင်းတွေ ဖြစ်ပါတယ်။ အဖွင့်ပွဲစဉ် မှာလည်း နှစ်သင်းစလုံးက ခြေစွမ်းပြပြီး အနိုင် ၃ မှတ်စီ ရယူ ထားကြလို့ စိတ်ဓာတ်ပိုင်း တက်ကြွနေ ကြတယ်။ တကယ်တမ်း သူတင် ကိုယ်တင် ကစားကြမယ် ဆိုရင် အကြိတ်အနယ် ရှိနိုင်ပြီး သရေ (သို့မဟုတ်) မြန်မာ အသင်း ကပ်ပြီး အနိုင်ရသွား နိုင်ပါတယ်။
source from http://soccermyanmar.com

No comments: