Sunday, February 21, 2010

ဆီမီး ဖိုင်နယ်တွင် မြန်မာ အသင်း မြောက်ကိုရီးယားနှင့် ရင်ဆိုင် ရတော့မည်

နေ့ ညနေပိုင်းက သီရိလင်္ကာ နိုင်ငံတွင် ယှဉ်ပြိုင် ကစားခဲ့သည့် AFC Challenge Cup အုပ်စု (ခ) နောက်ဆုံး ပွဲစဉ်များ အပြီးတွင် မြန်မာ အသင်း အနေဖြင့် ဆီမီးဖိုင်နယ် အဆင့်တွင် ဗိုလ်စွဲရန် ရေပန်း အစားဆုံး အသင်းဖြစ်သည့် မြောက်ကိုရီးယားနှင့် ထိပ်တိုက် ရင်ဆိုင် ရတော့မည် ဖြစ်သည်။

မြောက်ကိုရီးယား အသင်းသည် ပွဲဦးထွက်တွင် တာမင်နစ္စတန် အသင်းအား ၁ဂိုးစီ သရေ ကျခဲ့သော်လည်း ကာဂျစ္စတန် အသင်းအား ၄ဂိုးပြတ်၊ ယနေ့ အိန္ဒိယနှင့် ပွဲတွင် ၃ဂိုးပြတ် တို့ဖြင့် အသီးသီး အနိုင်ရကာ တာမင်နစ္စတန် အသင်းအား ဂိုးကွာခြားချက် အသာဖြင့် အုပ်စု ပထမ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ အုပ်စု ဒုတိယ နေရာ ရခဲ့သည့် တာမင်နစ္စတန် အသင်းမှာမူ ကာဂျစ္စတန် အသင်းအား ၁ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး ဆီမီး ဖိုင်နယ်တွင် အုပ်စု (က) ထိပ်ဆုံးမှ တာဂျစ် ကစ္စတန် အသင်းနှင့် တွေ့ဆုံ ရမည် ဖြစ်သည်။

မြောက်ကိုရီးယား အသင်းသည် ယခု ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်းများ အားလုံးထဲ၌ ကမ္ဘာ့ အဆင့် အမြင့်ဆုံး အသင်း တစ်သင်းဖြစ်ပြီး ကမ္ဘာ့အဆင့် ၈၆တွင် ရပ်တည်နေသည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ထားသည့် အသင်း ဖြစ်သည်။ ယခု ပြိုင်ပွဲဝင် အသင်းတွင် လူငယ် ကစားသမား အချို့အား ခေါ်ယူ လာခဲ့သော်လည်း ကစားသမား များအားလုံးမှာ ကြံ့ခိုင်မှု၊ ကစားအား၊ လျှင်မြန်မှု၊ ကျွမ်းကျင်မှုနှင့် နည်းစနစ်ပိုင်း ကောင်းမွန် လွန်းကြောင်း သိရသည်။ ထို့ပြင် စိတ်ဓာတ် ပိုင်းမှာလည်း အကောင်းဆုံး အနေအထား တွင် ရှိနေပြီး တောင်ပံ တိုက်စစ်များမှာ အထူး ကောင်းမွန်ကာ နေရာစုံမှ ဂိုးသွင်းယူ နိုင်သည့် အသင်းလည်း ဖြစ်သည်။

မြောက်ကိုရီးယားနှင့် မြန်မာ အသင်းတို့သည် ၂၀၀၈ ခုနှစ် AFC Challenge Cup ပြိုင်ပွဲတွင် အုပ်စု အဆင့်နှင့် တတိယ လုပွဲ တို့တွင် ၂ကြိမ် တွေ့ဆုံဖူးပြီး အုပ်စု အဆင့် ပွဲစဉ်ကစား ခဲ့စဉ်က ၁-၀ ရလဒ်ဖြင့် လည်းကောင်း၊ တတိယ လုပွဲ အဆင့်တွင် ၄-၀ ရလဒ်ဖြင့် လည်းကောင်း ၂ကြိမ်စလုံး မြန်မာ အသင်းကပင် ရှုံးနိမ့်ခဲ့သည်။ နောက်ဆုံး သိရှိရသည့် သတင်းများ အရ မြန်မာ အသင်း၏ အဓိက ကွင်းလယ်လူ အောင်ကျော်မိုးသည် မြောက် ကိုရီးယားနှင့် ကစားရမည့် ဆီမီးဖိုင်နယ် ပွဲစဉ်တွင် ပွဲပယ် ခံထားရကြောင်း သိရပြီး ခင်မောင်ထွန်း၊ ခင်မောင်လွင်၊ ဇော်လင်းထွန်း၂ တို့မှာ နောက်ထပ် တစ်ဝါထိမည် ဆိုပါက နောက်ဆုံး ပွဲတွင် ပါဝင်ခွင့် ရမည် မဟုတ်ကြောင်း သိရသည်။

ယနေ့ ပွဲစဉ် ရလဒ်များ

အိန္ဒိယ ၀-၃ မြောက်ကိုရီးယား
တာမင်နစ္စတန် ၁-၀ ကာဂျစ္စတန်

ဆီမီးဖိုင်နယ် ပွဲစဉ်များ (ဖေဖော်ဝါရီ ၂၄)

မြန်မာ စံတော်ချိန် ညနေ ၄နာရီ - တာဂျစ္စတန် vs တာမင်နစ္စတန်
မြန်မာ စံတော်ချိန် ည၈ နာရီ - မြောက်ကိုရီးယား vs မြန်မာ
source from http://soccermyanmar.com

No comments: