Saturday, February 27, 2010

မြန်မာ ၀-၁ တာဂျစ် ကစ္စတန်

မြန်မာ့ လက်ရွေးစင် အသင်းသည် ယနေ့ ညနေက ကစားခဲ့သော AFC Challenge Cup ပြိုင်ပွဲ တတိယ နေရာလုပွဲတွင် တာဂျစ် ကစ္စတန် အသင်းအား ရှုံးနိမ့်ခဲ့ သောကြောင့် စတုတ္တ နေရာသာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းပွဲစဉ်တွင် ပွဲအစ ၁၀ မိနစ် ကတည်းက တာဂျစ် ကစ္စတန်တို့ ဂိုးသွင်းခွင့် စတင်ရခဲ့ခြင်း အသင်း ခေါင်းဆောင် မာ့ခ်မူဒေါ့က အပိုင် ကန်သွင်း ခဲ့သော်လည်း ကန်ချက် ပျော့သွားသဖြင့် ဂိုးသမား သီဟစည်သူ အသာအယာပင် ဖမ်းယူ နိုင်ခဲ့သည်။ သို့ရာတွင် တာဂျစ် ကစ္စတန် တိုက်စစ်မှူး ခါကီမော့ဗ်က ပွဲချိန် ၁၁ မိနစ်၌ ဂိုးဧရိယာ အတွင်း လေထဲ မြောက်နေသည့် ဘောလုံးကို မြေမကျ ပတ်ကန်ကာ ဦးဆောင်ဂိုး လှလှပပ သွင်းယူသွားခြင်း ဖြစ်သည်။ ထို့နောက်တွင် တက်ထာတူနော့ဗ်၊ ဖက်ခူလို စသည့် ကစားသမားများ အခွင့်အရေး အချို့ ရခဲ့သော်လည်း အသုံးမချ နိုင်ခဲ့ သဖြင့် အချည်းနှီး ဖြစ်ခဲ့ရသည်။ မြန်မာတို့အတွက် လွတ်လွတ်ကျွတ်ကျွတ် ဂိုးသွင်းခွင့်ကို ပထမပိုင်း ၄၃ မိနစ်တွင်မှ စတင်ရခဲ့ကာ ပိုင်စိုး ဖြတ်တင်ပေး သည်ကို ကျော်ကိုကို ခေါင်းတိုက် ခဲ့သော်လည်း တာဂျစ် ကစ္စတန် ဂိုးသမား အမိဖမ်း နိုင်ခဲ့သည်။

ဒုတိယပိုင်း ပွဲစပြီး လေးမိနစ် အကြာတွင် မြန်မာတို့ ချေပဂိုးရရန် အခွင့်အရေး တစ်ခု ရခဲ့သည်။ ကွင်းလယ် ကစားသမား ပိုင်စိုးသည် တာဂျစ် ကစ္စတန် အသင်း၏ လူကျွံ ထောင်ချောက်ကို ဖောက်ထွက်ကာ လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးခွင့် ရခဲ့သော်လည်း ထိချက်လွဲသွား သဖြင့် နောက်တန်းလူများ အချိန်မီ ပြန်လည် ကာကွယ်ခွင့် ရသွား စေခဲ့သည်။ ထို့နောက်တွင်လည်း ရန်ပိုင်၊ ပိုင်စိုး၊ ခင်မောင်ထွန်းတို့ အခွင့်အရေးများကို အသုံးမချ နိုင်ခဲ့ကြသဖြင့် ချေပဂိုးရရန် လွဲချော်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယပိုင်းတွင် တာဂျစ် ကစ္စတန် အသင်းသည် ခံစစ်ကို ဦးစားပေး ခဲ့ပြီး တစ်ချက် တစ်ချက်တွင်မှ တန်ပြန် တိုက်စစ်ဖြင့် ဒုက္ခပေး နိုင်ခဲ့သည်။ တာဂျစ် ကစ္စတန်သည် ယခုပွဲ အနိုင်ရသွား သဖြင့် လာမည့် ၂၀၁၂ AFC Challenge Cup ပြိုင်ပွဲကို ခြေစစ်ပွဲ ၀င်စရာ မလိုတော့ဘဲ တိုက်ရိုက် ၀င်ခွင့် ရသွားခဲ့သည်။
source from http://soccermyanmar.com

No comments: